Friday, March 8, 2013

အလေးထားရတော့မယ့် မိုဘိုင်းဖုန်း လုံခြုံရေးစနစ်



အခုတလော Android စမတ်ဖုန်း သုံးတဲ့သူတွေကြားထဲမှာ ကြားကြား နေရတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ "ဖုန်း…လေးပြီး ရပ်ရပ်သွားတယ်။ ဖုန်း… ဟမ်းသွားတယ်" စသည်ဖြင့် နောက်ဆုံးပေါ် စမတ်ဖုန်း အသုံးပြုတာ ဖြစ်ပေမယ့် လေးလံနှေးကွေးပြီး ဘာ Apps ကိုပဲ သုံးသုံး စောင့်ဆိုင်းနေရတတ်တာမျိုး၊ Games တစ်ခုခု တင်လိုက်တာနဲ့ ကျန်တဲ့ လုပ်ဆောင်ချက်တွေကိုပါ ထိခိုက်တာမျိုးတွေ အဖြစ်များလာကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတာကို အဖြေရှာကြည့်ရအောင်…။

စမတ်ဖုန်းတွေ tablet တွေဟာ အရင်တုန်းက laptop တွေ၊ desktop ကွန်ပျူတာတွေလို အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိမ်းဆည်းလာနိုင်တယ်။ အလွယ်တကူ သယ်ဆောင်သွားပြီး နေရာမရွေး အသုံးပြုနိုင်တယ်။ Wifi Free Zone တွေမှာလည်း သုံးနိုင်တယ် စတဲ့ အားသာချက်တွေကြောင့် သုံးစွဲသူဦးရေဟာ တဖြည်းဖြည်း တိုးသထက် တိုးလာပါတယ်။ အခုခေတ်မှာ ရေပန်းအစားဆုံး အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ စမတ်ဖုန်းတွေ tablet တွေကို ကျွန်တော်တို့ဟာ သွားလေရာ ယူသွားတတ်ကြပါတယ်။ တစ်ခါတစ်လေ အဲလိုယူသွားရင်းနဲ့ပဲ အလွယ်တကူ ပျောက်ဆုံးတတ်ပါတယ်။ အဲဒီ ပျောက်သွားတဲ့ဖုန်းဟာ ကိုယ့်ရဲ့ ဓာတ်ပုံတွေ၊ အမှတ်တရ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေ၊ အရေးတကြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ အီးမေးလ် အဆက်အသွယ်တွေ၊ ဘဏ်စာရင်းအတွက် မှတ်သားထားတဲ့ အချက်အလက်တွေ စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိမ်းဆည်းထားတယ် ဆိုရင်တော့ အတော်လေး စိတ်ဒုက္ခ ရောက်စေပါတယ်။
ဒါကြောင့် မိုဘိုင်းပစ္စည်းတွေနဲ့ ပတ်သက်တဲ့ security app လေးတွေကို ကြိုတင်ထည့်သွင်း ထားသင့်ပါတယ်။ ဒါမှသာ ပျောက်သွားတဲ့ မိုဘိုင်းဖုန်း ဒါမှမဟုတ် tablet ထဲက အချက်အလက်တွေကို အကာအကွယ်ပေးနိုင်ခြင်း၊ ဖျက်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။ အရေးတကြီး အလေးထားရမယ့် အချက်တစ်ခုပါ။ မိုဘိုင်း security app အများစုဟာ virus မဝင်နိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ စမတ်ဖုန်းနဲ့ tablet တွေဟာ ကွန်ပျူတာ သေးသေးလေး တစ်လုံးလိုဖြစ်လာတဲ့အတွက် virus မဝင်အောင်လည်း ဂရုပြုရပါတယ်။ အခုအခါ Cyber Criminals လို့ခေါ်တဲ့ online ပြစ်မှုကျူးလွန်သူတွေဟာ စမတ်ဖုန်းတွေကို အဓိကထားလာတာ တွေ့ရပါတယ်။ သူတို့ရဲ့ အထူးပြု ရေးဆွဲထားတဲ့ application တွေကို နည်းလမ်းအမျိုးမျိုးနဲ့ Mobile device တွေထဲကို ရောက်အောင် ပြုလုပ်ကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုက သင့်ဖုန်းအတွက် အသုံးဝင်တဲ့ application လေးတစ်ခုကို အခမဲ့ပေးကာ download ပြုလုပ်စေခြင်းဖြင့် သင့်ဖုန်းကို ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
သင်ဟာ မဖြစ်မနေ ဖုန်းနဲ့ download ပြုလုပ်ရမယ် ဆိုရင်တော့ virus တွေ၊ spyware တွေနဲ့ Trojan တွေကို ကာကွယ်တားဆီးနိုင်တဲ့ Webroot လို application မျိုး ထင်ထားသင့်ပါတယ်။ ဒါမှသာ Website တွေကို ဝင်ကြည့်တဲ့အခါ သင့်ကိုလှည့်စားဖို့ ကြိုးစားရင် သတိပေးပါလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများမှာ ပုံမှန်အားဖြင့် လုံခြုံရေးဆိုင်ရာ အစီအမံတွေ ထည့်သွင်းပေးပြီး ဖြစ်ပါတယ်။ အချို့ဖုန်းတွေမှာဆိုရင် Website တွေကနေပို့တဲ့ span message တွေကိုတောင် တားဆီးနိုင်ပါတယ်။ သင့် contact စာရင်းကိုလည်း သင့်စိတ်ကြိုက် အလွယ်တကူ ထိန်းချုပ်လာနိုင်တယ်။ အထိရောက်ဆုံး လုပ်ဆောာင်ချက် တစ်ခုကတော့ SIM Card ကို lock ချနိုင်တဲ့ လုပ်ဆောင်မှုပါပဲ။ SIM Card ကို ထုတ်လုပ်လိုက်တာနဲ့ အလိုအလျောက် ဖုန်းကို lock ချပေးပြီး ဖုန်းပျောက်သွားတဲ့အခါ အလွယ်တကူ ခြေရာခံနိုင်ပါတယ်။ နောက်ထပ် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာတွေလိုပဲ စကားဝှက် (password) ပေးကာ ကာကွယ်ထားနိုင်ပါတယ်။
Android OS သုံး ဖုန်းတွေမှာ Settings > Location & Security > Setup screen lock ထဲကို ဝင်လိုက်ရင် screen unlock security ပေါ်လာပြီး screen lock ကျသွားတဲ့အချိန်မှာ ဖုန်းကို unlock ပြန်လုပ်ဖို့ နည်းလမ်းတွေ ရွေးချယ်နိုင်ပါတယ်။ pattern setting ဆိုရင် ဒေါင်လိုက် အစက် ၃ စက်နဲ့ အလျားလိုက်အစက် ၃ စက်ရှိပြီး စုစုပေါင်း အစက် ၉ စက် ပါဝင်ပါတယ်။ အနည်းဆုံး အစက် ၄ စက်ကိုထိပြီး ကိုယ်ကြိုက်တဲ့ pattern တစ်ခု ဖန်တီးလို့ ရပါတယ်။ ကိုယ်ဖန်တီးထားတဲ့ pattern ကို သေချာမှတ်မိဖို့ လိုပါတယ်။ screen lock ကျသွားတဲ့အခါ အဲဒီဖန်တီးထားတဲ့ pattern နဲ့သာ unlock ပြန်လုပ်နိုင်မှာပါ။ PIN လို့ခေါ်တဲ့ (Personal Identification Number) မှာတော့ လျှို့ဝှက်ကုဒ်ကို ဂဏန်းတွေအနေနဲ့သာ ထည့်သွင်းနိုင်ပါတယ်။ Password နဲ့ သဘောတရား ဆင်ပေမယ့် စာသားတွေ မထည့်နိုင်ဘဲ ဂဏန်းသက်သက် (အနည်းဆုံး ၄ လုံး) ထည့်သွင်းရမှာပါ။ Password ကတော့ ကြိုက်နှစ်သက်ရာ ဂဏန်းနဲ့ စာသားကြိုက်ရာ ထည့်သွင်းနိုင်ပြီး အနည်းဆုံး ၄ လုံး ထည့်သွင်းနိုင်ပါတယ်။
iOS မှာတော့ Setting > General > Passcode Lock ထဲမှာ Turn Passcode On ကိုနှိပ်လိုက်ရင် Set Passcode ပေါ်လာပြီး ဂဏန်း (၄) လုံး ရိုက်ထည့်နိုင်ပါတယ်။ ဒါကတော့ ဖုန်းတွေမှာပါတဲ့ လုံခြုံရေးဆိုင်ရာ စီမံနိုင်မှုတွေပဲ ဖြစ်ပါတယ်။ Malware အတော်များများဟာ PC တွေကို တိုက်ခိုက်ရာကနေ smart phone နဲ့ အခြားမိုဘိုင်း ပစ္စည်းတွေဘက်ကို ဦးတည်လာကြပါတယ်။ ဒါကြောင့် virus၊ Trojan၊ Worms တွေရဲ့ တိုက်ခိုက်နိုင်မှုစွမ်းအားဟာ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ SMS နဲ့ MMS လို ဝန်ဆောင်မှုမျိုးတွေကနေ ကျူးကျော်ဝင်ရောက်ကာ တဖြည်းဖြည်း သင့်ကို ခြိမ်းခြောက်လာပါလိမ့်မယ်။ သင့်အတွက် တုန့်ပြန်မှု အားကောင်းတဲ့ ကာကွယ်တားဆီးမှု တစ်ခုခုတော့ ရှိထားသင့်ပါတယ်။ အဆင့်မြင့်လာတဲ့ Malware တွေဟာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဖုန်းဘက်ထရီရဲ့ သက်တမ်းကို အလျင်အမြန် ကုန်စေတာမျိုး၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အရေးကြီးတဲ့ စီးပွားရေး သတင်းအချက်အလက်တွေကို ဖျက်ဆီးပစ်တာမျိုး အပြင် သင့်ဖုန်းမှာ ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
ဥပမာ သင့်ဖုန်းရဲ့ ပုံမှန် လုပ်ဆောင်ချက်တွေကို ပိတ်ပစ်ပြီး snoopware လို Virus မျိုးကတော့ သင့်ဖုန်းကို ထိန်းချုပ်ပြီး လမ်းလျှောက် အသံဖမ်းစက်သဖွယ် သင့်ကို ထောက်လှမ်းကာ Online က server တွေထံ အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ အဆိုးဆုံးတစ်ခုက ဖုန်းရဲ့ ကင်မရာကနေ တစ်ဆင့် သင့်ရဲ့ ရုပ်ပုံကိုရိုက်ကူးကာ ဘယ်သူဘယ်ဝါဆိုတာကို သိစေပါတယ်။ စိတ်အနှောက်အယှက်ဖြစ်ဖွယ် Virus တွေက ဒီမှာတင် ရပ်မသွားပါဘူး။ ဖုန်းရဲ့ contact ထဲမှာရှိတဲ့ နံပါတ်တွေကတစ်ဆင့် သူငယ်ချင်း မိတ်ဆွေတွေနဲ့ အခြားသူတွေဆီကိုပါ ကူးစက်စေပါတယ်။ ဒါမှမဟုတ် သင့်စမတ်ဖုန်းကနေ အိမ်ကကွန်ပျူတာကို ဖိုင်တွေပေးပို့တဲ့ အခါမှာ ကွန်ပျူတာထဲကိုပါ ဝင်ရောက် ကူးစက်စေပါတယ်။ သင်မသိရဘဲ နိုင်ငံခြားခေါ်ဆိုမှုတွေ အလိုအလျောက် ခေါ်ဆိုပြီး message တွေ အလိုအလျောက် ပေးပို့ကာ မလိုလားအပ်တဲ့ ကုန်ကျမှုတွေ ဖြစ်စေပါတယ်။ ကွန်ပျူတာတွေကို တိုက်ခိုက်တဲ့ virus တွေအကြောင်း သင်သိပြီး ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကွန်ပျူတာတွေမှာ virus ရန်ကို ကာကွယ်တဲ့ anti-virus ဆော့ဖ်ဝဲတွေရဲ့ အသုံးဝင်ပုံနဲ့ စိတ်ချရမှုကိုလည်း သင်သိနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ virus တွေ၊ malware တွေဟာ ပိုမို လျှို့ဝှက်စွာ ဝင်ရောက်နေနိုင်တတ်ကြပါတယ်။ အခုအခါ မိုဘိုင်းဖုန်းတွေအတွက် malware တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အသုံးဝင်ပြီး စိတ်ချရတဲ့ security ဆော့ဖ်ဝဲတွေ အများအပြား ရှိပါတယ်။ အခမဲ့ရတဲ့ mobile app တွေလည်း များပြားလာတာကြောင့် သင့်ဖုန်းနဲ့ သင့်တော်မယ့် application ကို ရွေးချယ်ပြီး အသုံးပြုနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
Credit :
မင်းသုနောင်
Ref & Credit to Mobile Guide Journal

My Blog List

Related Post

Related Posts Plugin for WordPress, Blogger...